Wednesday, September 12, 2012

စင်ကာပူနှင့် ခြေစမ်းမည့် မြန်မာအသင်းကို အသင်းကောင်းဟု ကမ္ဘောဇနည်းပြ သုံးသပ်


မြန်မာ လက်ရွေးစင် ဘောလုံး အသင်းသည် ပြီးခဲ့သော အာဆီယံဘောလုံး အဖွဲ့ချုပ် စူဇူကီးဖလားပွဲ သုံးကြိမ်တွင် အုပ်စုအဆင့် မကျော်နိုင်ခဲ့ဘဲ ယခုနှစ် ပြိုင်ပွဲ တွင်လည်း ခြေစမ်းပွဲအဆင့်မှ ၀င်ပြိုင်ရမည် ဖြစ်သော်ငြား မြန်မာအသင်းသည် အသင်းကောင်းတစ်သင်း ဖြစ်သည်ဟု ကမ္ဘောဇအသင်းမှ နည်းပြ ဆီဗာဂျီကပြောသည်။

ဆီဗာဂျီသည် မြန်မာနေရှင်နယ်လိဂ်သို့ ၂၀၁၀ တွင် ရောက်ရှိခဲ့ပြီး မကြာမီက ပြီးဆုံးခဲ့သော ဘောလုံးရာသီအပိတ်တွင် ကမ္ဘောဇအသင်းကို ဒုတိယနေရာရအောင် စွမ်းဆောင်ပေးထားသည်။
၎င်းက မြန်မာအသင်းနှင့် ပတ်သက်၍ “ဒီအသင်းဟာ ဘောလုံးအပေးအယူကောင်းပြီး အားကြိုးမာန်တက်ကစားတဲ့ အသင်းပါ။ ဒီအသင်းက အရင်တုန်းက တစ်ချက်ထိပေးပြီး ကစားတဲ့ မြန်မာအသင်းဟောင်းတွေနဲ့ မတူဘဲ တိုက်စစ်ကို လျင်လျင်မြန်မြန် မထိုးဖောက်နိုင်ခင်မှာ ဘောလုံးကို ကောင်းကောင်းကိုင် ကစားတတ်ပါတယ်။ သူတို့ဘောလုံး ဆုံးရှုံးသွားရင်လည်း ချက်ချင်းအမြန်လိုက်နိုင်ပြီး စုစုစည်းစည်းနဲ့ ခံစစ်ကစားတတ်ပါတယ်”ဟု ပြောသည်။
ဆီဗာဂျီက မြန်မာနှင့် ခြေစမ်းပွဲကစားမည့် စင်ကာပူအသင်းသည် မြန်မာရှေ့တန်းလူ ကျော်ဇေယျာဝင်း၊ ရာဇ၀င်းသိန်းတို့ကို အနီးကပ် စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ နောက်ခံလူ အောင်သိုက်မှာ ပွဲကိုကောင်းမွန်စွာ သုံးသပ်တတ်သူဖြစ်ပြီး အမြင့်ဘောများ ဖျက်ထုတ်မှုကောင်းကြောင်း၊ ဂိုးသမား သီဟစည်သူမှာလည်း အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်ကြောင်း သတိပေးခဲ့သည်။
၎င်းက စင်ကာပူအသင်းတွင် ခိုင်ရူလ်အမ်မရီ၊ ရှီကျားရီ၊ ကျူလီတို့မှာ ထူးချွန်သော ကစားသမားများဖြစ်ကြောင်း စင်ကာပူအနေဖြင့် ဘောလုံးဆုံးရှုံးပြီး ခံစစ်ကစားရပါက လျင်မြန်စွာ ကစားတတ်သော မြန်မာအသင်းကို ထိန်းကစားရန် လိုအပ်ကြောင်း သတိပေးသည်။
စင်ကာပူနှင့် မြန်မာအသင်းတို့မှာ ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် သုဝဏ္ဏဘောလုံးကွင်းတွင် ခြေစမ်းပွဲကစားကြမည် ဖြစ်သည်။

No comments:

Post a Comment