Friday, September 14, 2012

ရီးရဲလ် နှင့် စီရော်နယ်လ်ဒိုတို့ မည်သည့် ပြဿနာမှ မရှိဟု ကာဆီးလက်စ်ဖွင့်ဟ

ကစားဖော် နှစ်ဦး အတူတူ အောင်ပွဲခံနေကြစဉ်
ရီးရဲလ် အသင်းခေါင်းဆောင် ကာဆီးလက်စ်သည် အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်သူ စီရော်နယ်လ်ဒို အသင်းတွင် မပျော်မရွှင် ဖြစ်နေသည် ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။ အဆိုပါ သတင်းများသည် စီရော်နယ်လ်ဒိုမှ ၀မ်းနည်းနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ပျံ့နှံ့လာခဲ့သည့် သတင်းများ ဖြစ်သည်။ သို့သော်လည်း ကာဆီးလက်စ်မှ စီရော်နယ်လ်ဒိုသည် အသင်းနှင့် မည်သည့် ပြဿနာမှ မရှိဟု ယုံကြည်နေပြီး ယင်း၏ အမြင်နှင့် အသင်းမှ ကစားသမားတိုင်း၏ အမြင်မှ တူညီသည်ဟုလည်း ယုံကြည်နေကြောင်း သိရသည်။ “ခရစ္စတီယာနိုက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ဆီဗီးလားနဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားပါတယ် ကျွန်တော်တို့ ဒီထက်ပိုပြီး အမှတ်ဆုံးရှုံးလို့ မရတော့ပါဘူး အနိုင်ကစားရမှာပါ။ ခရစ္စတီယာနိုက မက်ဒရစ်မှ ဆက်နေရတာကို ပျော်ရွှင်နေမှာပါ ပရိသတ်တွေကလည်း သူရှိနေလို့ ပျော်ရွှင်နေမှာပါ”ဟု ကာဆီးလက်စ်မှ ပြောကြားခဲ့သည်။

အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်နေသည့် ရွန်းနီ

ဝိန်းရွန်နေ အား ကွင်းအတွင်းမှ ထမ်းစင်ဖြင့် ထမ်းထုတ်သွားစဉ်
မန်ယူ အသင်း၏ တိုက်စစ်မှူး ရွန်းနီသည် ယခုအခါတွင် အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ရွန်းနီသည် ယမန်နေ့က ပထမဆုံး အကြိမ်အဖြစ် လေ့ကျင့်ခန်း ပြုလုပ်လာနိုင်ခြင်း ဖြစ်သည်။ ရွန်းနီသည် အသင်း၏ ဆေးဝန်ထမ်းများ နှင့်အတူ ကြံ့ခိုင်မှု ပြန်လည် ရရှိရန် အတွက် ယခုတစ်ပတ်လုံး လေ့ကျင့်ခဲ့ပြီး ပြေးခြင်း၊ ဘောလုံးနှင့် အတူ ကစားခြင်း၊ လိမ်ခေါက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွန်းနီသည် မန်ယူ အသင်းနှင့် အတူ အပြည့်အ၀ လေ့ကျင့်ခန်း ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း နည်းပြ ဖာဂူဆန်မှ လာမည့် ဂါလာတာစရေး အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ယင်းအား အရံ ကစားသမား အဖြစ် ထည့်သွင်း အသုံးပြုနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

အာဆင်နယ် ကစားသမား များအား ဘာကာမှ ၀ယ်ယူနေခြင်းမှာ အသင်းအား ဂုဏ်ပြုခြင်းဖြစ်သည်ဟု ၀င်းဂါးပြောကြား

အာဆင်ဝင်းဂါး
ဘာစီလိုနာ အသင်းမှ အာဆင်နယ် ကစားသမား များအား အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းမှာ အသင်းအား ချီးမြှောက်ခြင်း ဖြစ်သည်ဟု ၀င်းဂါးမှ ယုံကြည်နေကြောင်း သိရသည်။ ဘာစီလိုနာ အသင်းသည် ပြီးခဲ့သော နှစ်ရာသီ အတွင်း အာဆင်နယ် အသင်း၏ ကွင်းလယ် ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့သည့် အသင်း ဖြစ်သည်။ ၀င်းဂါးမှ အာဆင်နယ် အသင်း၏ ကစားသမားများအား ဘာစီလိုနာ အသင်းက စိတ်ဝင်စား နေခြင်းမှာ ယင်း၏ ကစားသမားများသည် သေချာစွာ သင်ယူခဲ့သည့် ကစားသမားများ ဖြစ်ပြီး ဘာစီလိုနာ အသင်း၏ ကစားဟန်နှင့် လျှင်မြန်စွာ အံဝင်နိုင်သော ကစားသမားများ ဖြစ်သည်ဟု အဓိပ္ပာယ် သက်ရောက်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ “ဘာစီလိုနာ အသင်းက ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေကို စိတ်ဝင်စား နေပြီး ၀ယ်ယူနေတာက ကျွန်တော်တို့ကို ချီးမြှောက်တာပါပဲ။ အဲဒါက ကျွန်တော်တို့ ကစားသမားတွေဟာ သေချာစွာ သင်ယူခဲ့သူတွေလို့ သက်သေပြနေလို့ပါပဲ”ဟု ၀င်းဂါးမှ ပြောကြားခဲ့သည်။