Wednesday, September 5, 2012

အိုဝင်အား အသင်းသို့ ပြန်လည် ခေါ်ယူရန် စီစဉ်နေသည့် ရော်ဂျာ

လီဗာပူးလ် အသင်းနည်းပြ ရော်ဂျာ
လီဗာပူးလ် အသင်း၏ နည်းပြ ရော်ဂျာသည် အသင်း၏ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ကာကွယ်ရန် အတွက် မန်ယူ တိုက်စစ်မှူးဟောင်း အိုဝင်အား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်မှူး ကာရိုးအား အသင်းမှ ထွက်ခွာခွင့် ပြုရန်ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်းနှင့် အကယ်၍ ထွက်ခွာခွင့် ပြုခဲ့ပါက ပြန်လည် အစားထိုးနိုင်မည့် အခြေအနေတွင် မရှိကြောင်းကို သိနေခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်အတွက် လူရွေးချယ်ခွင့် လွန်စွာနည်းပါးနေခြင်းကြောင့် အသင်း၏ တိုက်စစ်မှူးဟောင်း ဖြစ်သူ အိုဝင်အား ခေါ်ယူရန် စဉ်းစားနေခြင်းလည်း ဖြစ်သည်။ အိုဝင်သည် လီဗာပူးလ် အသင်းတွင် ကစားခဲ့စဉ်က (၁၅၈)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး အသင်း 
ပရိသတ်များ၏ အချစ်တော် ကစားသမား ဖြစ်ခဲ့သည်။

ဖီနာဘီချီ အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည့် မီရားလက်စ်

မီရားလက်စ်
ချယ်လ်ဆီး အသင်း၏ ကွင်းလယ် ကစားသမား မီရားလက်စ်သည် အသင်းကို စွန့်ခွာ၍ ဖီနာဘီချီ အသင်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ချယ်လ်ဆီး ကလပ်ဘက်မှ အတည်ပြုခဲ့သည်။ ပြောင်းရွှေ့ကြေးအား ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပေါင် (၈)သန်း ၀န်းကျင်ရှိသည်ဟု ယုံကြည်ရပြီး မီရားလက်စ်သည် ဖီနာဘီချီ အသင်းနှင့် (၄)နှစ် စာချုပ်ခဲ့သည်။ မီရားလက်စ်သည် ပြီးခဲ့သော ရာသီက ပထမရာသီဝက်တွင် ပွဲတိုင်း ကစားခွင့် ရရှိခဲ့သော်လည်း ဒုတိယ ရာသီဝက်တွင် အရံကစားသမားသာ ဖြစ်ခဲ့ရပြီး (၃)ပွဲသာ လူစားဝင် ကစားခွင့် ရခဲ့သည်။ မီရားလက်စ်သည် ဖီနာဘီချီ အသင်းတွင် ယင်း၏ လီဗာပူးလ် 
အသင်းဖော်ဟောင်း ဖြစ်သူ ဒါ့ခ်ကုခ်ျနှင့် ပြန်လည် လက်တွဲ ကစားရမည် ဖြစ်သည်။

ဆောင်သမ်တန်အသင်းနှင့် ပွဲစဉ်မှ အသင်း၏ နောက်တန်းကစားပုံကို စိတ်ပျက်နေသည့် ဗီဒစ်

ဗီဒစ်
မန်ယူ အသင်း၏ နောက်ခံလူ ဗီဒစ်သည် ဆောက်သမ်တန် အသင်းအား အနိုင်ရခဲ့သည့် ပွဲစဉ်မှ အသင်း၏ နောက်တန်း ကစားပုံကို စိတ်ပျက်နေပြီး လာမည့် ပွဲအနည်းငယ် အတွင်း ကစားပုံ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မန်ယူ အသင်းသည် အဓိက ဗဟိုနောက်ခံလူ အတွဲ ဖြစ်သည့် ဖာဒီနန် နှင့် ဗီဒစ်တို့ နှစ်ဦးကို ပြန်လည် ပွဲထုတ်ခွင့် ရခဲ့သော်လည်း ဂိုးမပေးရရန် အတွက် မတတ်နိုင်ခဲ့ပဲ ဆောက်သမ်တန် အသင်း၏ သွင်းဂိုး (၂)ဂိုးကို ခွင့်ပြုခဲ့ရသည်။ “ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ကျွန်တော်တို့ နှစ်ဂိုးပေးခဲ့ရပြီး အဲဒီအပေါ်မှာ လုံးဝကျေနပ်မှု မရှိပါဘူး”ဟု ဗီဒစ်မှ ယင်း၏ခံစားချက်အား ဖွင့်ဟ ပြောဆိုခဲ့သည်။ ဗီဒစ်မှ ဆက်လက်ပြီး အသင်း၏ ကစားသမားများမှာ ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့ပြီး ကြံ့ခိုင်မှု ပြန်လည် တည်ဆောင်နေရခြင်းနှင့် တွဲဖက်ညီရန် အတွက် ပြန်လည် ကြိုးစားနေရခြင်းများကြောင့် ယခုလို ဖြစ်ရခြင်း ဖြစ်ပြီး လာမည့် 
ပွဲအနည်းငယ် အတွင်း ယခု ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရတနာပုံ နည်းပြချုပ်နှင့် လက်ထောက် ပွဲကြီးကြပ်ခွင့်ပိတ်ခံရ

ရန်ကုန် (မဇ္ဈိမ)။        ။ မြန်မာနေရှင်နယ်လိဂ် ဒိုင်လူကြီးများကို ဝေဖန်ပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရတနာပုံ အသင်းနည်းပြချုပ်နှင့် လက်ထောက်နည်းပြတို့နှစ်ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သလို ဒဏ်ငွေလည်း တပ်လိုက်သည်။